ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်ချေးငွေပျမ်းမျှနှစ်ဆတိုးမြှင့်ထုတ်ချေးခြင်းကြောင့် တောင်သူများ၏ ဝင်ငွေတိုးမြှင့်သုံးစွဲနိုင်မှုဆိုင်ရာ လူမှုစီးပွားရေး အခြေအနေလေ့လာဆန်းစစ်ခြင်း ရက်တိုသင်တန်းဖွင့်ပွဲသို့ Video Conferencing ဖြင့် တက်ရောက်
2026-11-16
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် စိုက်ပျိုးစရိတ်ချေးငွေ ပျမ်းမျှနှစ်ဆတိုးမြှင့်ထုတ်ချေးခြင်းကြောင့် တောင်သူများ၏ ဝင်ငွေ တိုးမြှင့်သုံးစွဲနိုင်မှုဆိုင်ရာ လူမှုစီးပွားရေးအခြေအနေ လေ့လာဆန်းစစ်ခြင်း ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ရန်ကုန်မြို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Video Conferencing ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍကို အဓိကပံ့ပိုးပေးနေသည့် နိုင်ငံပိုင် ဘဏ်တစ်ခုဖြစ်ပြီး ဘဏ်၏စိုက်ပျိုးစရိတ်ချေးငွေသည် တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့် အရင်းအနှီးဖြစ်ကြောင်း၊ နိုင်ငံတဝှမ်းလုံးတွင်ရှိသည့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး လုပ်ငန်းများနှင့် ကျေးလက်ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေအပြင် ဖွံ့ဖြိုးရေးချေးငွေများနှင့် စိုက်ပျိုးရေးအခြေခံကျေးလက်ဒေသဖွံ့ဖြိုးရေး ချေးငွေများကိုလည်း အစဉ်တစိုက် ထုတ်ချေးပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း မြို့နယ် (၂၄) ခုရှိ တောင်သူ (၁,၂၀၆) ဦးထံမှ ကောက်ယူခဲ့သည့် စစ်တမ်းတွေ့ရှိချက်များ အရ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုကာမိစေရန် ၂၀၂၆ မိုးရာသီချေးငွေထုတ်ချေးရာတွင် သီးနှံအလိုက် ချေးငွေနှုန်းထားများကို ပျမ်းမျှနှစ်ဆ တိုးမြှင့်ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ယခုကဲ့သို့ ချေးငွေနှစ်ဆတိုးမြှင့်ထုတ်ချေးလိုက်ခြင်းကြောင့် တောင်သူများ၏ သွင်းအားစုဝယ်ယူနိုင်မှု၊ သီးနှံအထွက်နှုန်းနှင့် အသားတင်ဝင်ငွေ တိုးတက်မှုစသည့် လူမှုစီးပွားရေး အကျိုးသက်ရောက်မှုများကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်နိုင်ပြီး ပိုမိုကောင်းမွန်သည့် ချေးငွေ မူဝါဒများ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုရှိ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ (၄၀) မှ တောင်သူဦးရေ စုစုပေါင်း (၂,၀၀၀) ခန့်ထံမှ မြေပြင်ပကတိအခြေအနေမှန်များကို စနစ်တကျ ကောက်ယူသွားရန်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ထို့အပြင် နိုဝင်ဘာလ(၁၆)ရက်မှ (၂၀)ရက်အထိ စာတွေ့လက်တွေ့ပို့ချမည့် ယခုသင်တန်း သို့ တက်ရောက်ကြမည့် အရာထမ်း၊ အမှုထမ်း (၄၉) ဦးအနေဖြင့် အာရုံစူးစိုက်လေ့လာပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု မူဝါဒများချမှတ်ရာတွင် အထောက်အကူပြုမည့် မှန်ကန်တိကျသော အချက်အလက်များရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။