တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

2026-04-24

၁။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ် သော အစိုးရအဖွဲ့၊ ကတိသစ္စာပြုပွဲအခမ်းအနားနှင့် ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များ နိုင်ငံတော်သမ္မတမိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတို့တွင် “ပြည်သူများဆင်းရဲ နွမ်းပါးမှုလျှော့ချရေးနှင့် တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ရေးသည် အဓိကကျတဲ့ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုဟာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွေ အပေါ် အဓိကမှီခိုနေရသူများဖြစ်၍ တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ဖို့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း” လမ်းညွှန်မိန့်ကြားခဲ့ပါသည်။ ၂။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ် ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုး နှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိပါသည်။ ၃။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်မည့်အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း Quick Win ရရှိစေမည့် အစီအစဉ်များတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးမည့် အစီအစဉ်လည်း ပါဝင်ရာ ချေးငွေအတိုးနှုန်းကို ယခင်အတိုင်း ပြောင်းလဲမှုမရှိဘဲ ၁ နှစ်လျှင် ၅% ဖြင့် သီးနှံအမျိုးအစားအလိုက် ၁ ဧကလျှင် အောက်ပါနှုန်းထားအတိုင်း တိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်ပါသည်- စဉ် သီးနှံအမျိုးအစား လက်ရှိချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးမည့်နှုန်းထား (က) စပါး၊ ဂျုံနှင့်ချည်မျှင်ရှည်ဝါ(မျိုးစေ့ထုတ်) ကျပ် ၁၅၀,၀၀၀ ကျပ် ၃၀၀,၀၀၀ (ခ) အခြားသီးနှံ(၁၈)မျိုး ကျပ် ၁၀၀,၀၀၀ ကျပ် ၂၅၀,၀၀၀ (ဂ) ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော် ကျပ် ၁၀၀,၀၀၀ ကျပ် ၁၅၀,၀၀၀ ၄။ ထို့အပြင် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro-based Industry) ကို တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူ လုပ်ငန်းရှင်များလိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို သက်သာသော အတိုးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် တန်ဖိုးနည်းလက်တွန်းထွန်စက်၊ ရေစုပ်စက်၊ ရေတင်စက်မှအစ တန်ဖိုးမြင့် မားသော အခြေခံစက် (Dryer)၊ သိုလှောင်ရုံ (Silo)၊ ဆန်စက်များ စသည့် လယ်ယာသုံးစက်ကိရိယာများကို အတိုးနှုန်း ၆%၊ ချေးငွေပမာဏ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း ၃၀၀၀ အထက် တစ်ကဏ္ဍ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ပါသည်။ ၅။ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား မိုးရာသီစိုက်ပျိုးချိန်အမီ ၁၂-၅-၂၀၂၆ ရက်နေ့မှ စတင်၍ ထုတ်ချေးမည်ဖြစ်ရာ ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီး များအနေဖြင့်၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးနှင့် လယ်ယာသုံးစက်ကိရိယာ ချေးငွေများရယူလိုသော တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သက်ဆိုင်ရာ ခရိုင်/ မြို့နယ်ဘဏ်ခွဲများသို့ အမြန်ဆုံး ဆက်သွယ်ကြပါရန် အသိပေးအကြောင်းကြား အပ်ပါသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန