ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်မြို့၊ လသာလမ်းရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ
2026-03-20
ရန်ကုန်၊ မတ် ၂၀ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်မြို့၊ လသာ လမ်းရှိ ရုံးအဆောက်အဦ အကြီးစားပြင်ဆင်မွမ်းမံမှု ပြီးစီး၍ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ နံနက် (၁၁:၃၀) နာရီတွင် အဆိုပါ အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိမ်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဟန်ဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနလက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အထွေထွေမန်နေဂျာများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ် ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရုံးအဆောက်အဦသစ်ကိုစက်ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက် အဦဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ကာဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဖြင့်ပက်ဖြန်းပေးကြသည်။ထို့နောက်အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိမ်းက အဖွင့်အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ရုံးအဆောက်အဦ အကြီးစားပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ထံသို့ လွှဲပြောင်းပေးအပ်ပါသည်။ အခမ်းအနားအပြီးတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်တက်ရောက် လာကြသူများသည် ရုံးအဆောက်အဦသစ်အတွင်း လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။