သန်လျင်ခရိုင်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ ကျင်းပ

2025-05-20
ရန်ကုန် မေ ၁၉ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင်၂၀၂၅ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက အဆိုပါသန်လျင်ခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။ ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူက အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရ က ၂၀၂၅ခုနှစ် မိုးရာသီချေးငွေမူဝါဒစည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ သန်လျင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က သန်လျင်မြို့နယ်အတွင်း စိုက်ပျိုးစရိတ် ထုတ်ချေးပေးမှုနှင့် ပြန်လည်ပေးဆပ်မှု အတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာအုပ်စုမှ တောင်သူ ဦးအေးရွှေ၏ လယ် ၁၀ ဧကအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအားပေးအပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ က ဗိုလ်ချုပ်ကျေးရွာအုပ်စုမှ တောင်သူ ဒေါ်စိုးစိုးဦး၏ စိုက်ပျိုးဧက ၈ဧက အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ပေးအပ်ကာ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက သန်လျင်မြို့၊ ငပကျေးရွာအုပ်စုမှ တောင်သူဦးအုန်းစော၏ လယ်စိုက်ဧက ၉ ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခဲ့သည်။