ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်းဖွင့်ပွဲတက်ရောက်
2026-02-21
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်းဖွင့်ပွဲတက်ရောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၌ ပြုလုပ်သော လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား ပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနေတဲ့ နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ကြာင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီရဲ့ ဒုတိယဦးတည်ချက်ဖြစ်တဲ့ “နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-Based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင်တင်ရေး” အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်လျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ရာမှာ လုပ်ငန်း စွမ်းဆောင်ရည်ကောင်းပြီးအရည်အသွေးပြည့်ဝတဲ့ ဘဏ်ဝန်ထမ်းကောင်းများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးမြူကြရန်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ဘဏ်လုပ်ငန်းဘာသာရပ်များ၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ ရုံးစာရေးသားနည်းဘာသာရပ်နဲ့ ဘဏ်လုပ်ငန်းသုံးကွန်ပျူတာ လက်တွေ့ဘာသာရပ်များကိုစာတွေ့၊ လက်တွေ့လေ့လာကြရန်ဖြစ်ကြောင်းနဲ့ ဌာနနဲ့နိုင်ငံအတွက် အားထားရတဲ့ ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လက်ထောက်မန်နေဂျာများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃)သို့ သင်တန်းသားအရာထမ်း(၃၀) တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ (၁)လ ကြာမြင့်မည်ဖြစ်ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ် နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(ရုံးချုပ်)တို့၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် လသာလမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး အကြီးစားပြင်ဆင်မှုများကိုကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများကိုစနစ်တကျ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြရန်၊ ရုံးများသန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်သတိပြုရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။