၂၀၂၅ ခုနှစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းမိသားစု ပထမအကြိမ်မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

2025-11-04

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ “ပထမအကြိမ်ဝန်ထမ်း မိသားစု မဟာဘုံကထိန်အလှူတော်မင်္ဂလာ” အခမ်းအနားကို ( ၄-၁၁-၂၀၂၅ ) ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊အလယ်တောရကျောင်းတိုက်ရှိ ရတနာစင်္ကြန်ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ရာ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာ များနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။ အခမ်းအနားကို ရတနာစင်္ကြန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသည့် ပင့်သံဃာ တော်ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ဧည့်ပရိသတ်အပေါင်းတို့သည် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျယ်တော်မူသော ပရိတ် တရားတော်များကို နာယူကြသည်။ ထို့နောက် ရတနာစင်္ကြန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ( ပစ္စည်းအလှူငွေကျပ်သိန်း- ၂,၄၆၁,၁၀၀၊ ငွေသားအလှူငွေကျပ်သိန်း- ၄,၈၀၅,၀၀၀၊ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း (၇,၂၆၆,၁၀၀) ကို ဆက်ကပ်လှူဒါန်းကာ ဧည့်ပရိတ်သတ်အပေါင်းတို့သည် ရတနာစင်္ကြန် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှူ အစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက် ကပ်လှူဒါန်းခဲ့ကြသည်။