မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ “ဂျုံသီးနှံအတွက် ချေးငွေထုတ်ချေးပေးမည့်အစီအစဉ်” အသိပေးကြေညာချက်

2025-10-03

၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေး ပေးလျက်ရှိပြီး တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီ ပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူဦးကြီးများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ၂။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် စပါးသီးနှံအပါအဝင် သီးနှံ(၂၃)မျိုးအား မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးချိန်အမီထုတ်ချေးပေးလျက်ရှိပါသည်။ နိုင်ငံတော်အနေဖြင့် ဂျုံသီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၅ ဆောင်းရာသီ စိုက်ပျိုး စရိတ်ချေးငွေမှစတင်၍ ဂျုံသီးနှံချေးငွေအား တစ်ဧကချေးငွေ ကျပ် ၁၅၀၀၀၀/-နှုန်း၊ တစ်နှစ်လျှင် အတိုးနှုန်း ၅ % ဖြင့် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ များမှတစ်ဆင့် ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၃။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဂျုံသီးနှံစိုက်ပျိုးစရိတ် ချေးငွေ များအချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်