မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ"၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးမည့်အစီအစဉ်"အသိပေးကြေညာ

2025-05-20
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။တောင်သူလယ်သမားကြီးများကလည်းသီးနှံပေါ်ချိန်တွင်ချေးငွေများအချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူဦးကြီးများအကြားနှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ၂။ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကြေမှသာ(ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ်ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ချေးသောဖွံ့ဖြိုးရေးချေးငွေနှစ်တို၊နှစ်ရှည်ချေငွေများကိုလည်းသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပါသည်။ ၃။ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊အတိုးများပါ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ ၁၉-၅-၂၀၂၅ ရက်နေ့မှစတင်၍ ယခင်နှစ်နည်းတူတစ်နှစ်လျင် အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတဆင့် ထုတ်ချေးနေပြီဖြစ်ပါသည်။ ၄။ သို့ဖြစ်ပါ၍ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊သက်ဆိုင်ရာခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။