မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(၇၂)နှစ်မြောက်ဘဏ်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

2025-06-01

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏(၇၂)နှစ်မြောက်ဘဏ်နှစ်ပတ်လည်မွေးနေ့ကို ဇွန်လ (၁) ရက် က ပန်းဆိုးတန်းလမ်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်တွင် ကျင်းပသည်။ မွေးနေ့အခမ်းအနား နံနက်ပိုင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပင့်သံဃာများအား အာရုဏ်ဆွမ်းလောင်းလှူပြီး လှူဖွယ်ဝတ္တု ပစ္စည်များကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ နံနက် ၉ နာရီတွင် (၇၂) နှစ်မြောက် ဘဏ်နှစ်ပတ်လည်မွေးနေ့ အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို စတင်ကျင်းပရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက အမှာစကားပြောကြားပြီး (က) အဆင့် ၊ (ခ) အဆင့် တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ်ခွဲများ၏ ချေးငွေကောက်ခံရေး စွမ်းဆောင်ရည်ဆုများနှင့် ခရိုင် ဘဏ်ခွဲများ၏ ချေးငွေကောက်ခံရေး စွမ်းဆောင်ရည်ဆုများကို ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူမှ ချီးမြှင့်သည်။ ဆက်လက်၍ မြို့နယ်ဘဏ်ခွဲများ ချေးငွေကောက်ခံရေး စွမ်းဆောင်ရည်ဆုများနှင့် သတ်မှတ်ကာလအတွင်း ချေးငွေပြေကြေမှု အကောင်းဆုံးဆုရရှိသူများကို အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး မှ ချီးမြှင့်ပြီး ၂၀၂၃ ဆောင်းချေးငွေ တိုင်းလုံးကျွတ် ပြေကြေစွာ‌ကောက်ခံရရှိမှု ဆုများကို အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးတို့က အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် (၇၂) ကြိမ်မြောက် မွေးနေ့ကိတ်ကြီးကို ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ ဦးဆောင်ပြီးတာဝန်ရှိသူများက ပျော်ရွှင်စွာ ကိတ်မုန့်ခွဲကြသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်ကြသူများနှင့် ဝန်ထမ်းများကို ဗလာမပါ ကံစမ်းမဲဖောက်ပေးပြီးနောက် အကျွေးအမွေးများဖြင့် ဧည့်ခံကာ အားကစားပြိုင်ပွဲများကို ပျော်ရွှင်စွာပြုလုပ်ကြသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသားတင်အမြတ်ငွေ ၆၀.၇၀၅ ဘီလီယံရှိနေပြီး ရုံးချုပ်အပါအဝင် ပြည်နယ်/တိုင်းတို့တွင် (၁၅) ဘဏ် ၊ ခရိုင်များတွင် (၅၇) ဘဏ်၊ မြို့နယ်တိုင်းတွင် (၁၆၀) ဘဏ် စုစုပေါင်း (၂၃၃) ဘဏ် ဖွင့်လှစ်ထားရှိပြီး တောင်သူလယ်သမားများ အကျိုုးစီးပွားအတွက် ချေးငွေများပေးအပ်ပြီး ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သတင်းရရှိသည်။