ငပုတောမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားပြုလုပ်

2025-05-28

ငပုတော မေ ၂၇ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးမင်းထူးက နိုင်ငံပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိ ကြောင်း၊ တောင်သူများအနေဖြင့် ရရှိသောချေးငွေများကို အကျိုးရှိစွာ အသုံးပြုရန်၊ စပါးအထွက် နှုန်း တိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး နိုင်ငံတော်က စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ချေးငွေစာချုပ်ပါ စည်းကမ်းချက်များနှင့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသည်။ ငပုတောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးရေးချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် မေ ၂၇ ရက်မှ စတင်ထုတ်ချေး ပေးလျက်ရှိပြီး ကျေးရွာအုပ်စု ၈၅ အုပ်စုရှိ စိုက်ဧက ၅၃၉၂၆ ဧက အတွက် ငွေကျပ် ၈၀၈၈၉ သိန်း ထုတ်ချေပေးရန် လျာထားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဂွေ့ချောင်းကျေးရွာ အုပ်စုမှ တောင်သူ ၁၈၇ ဦး၊ လယ်ယာမြေ ၁၇၉၅ အတွက် ငွေကျပ် ၂၆၉၂.၅၀ သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။