ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးနေမှု ကြည့်ရှုစစ်ဆေး

2025-05-28

ဘားအံ မေ ၂၇ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပ သည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ပေးအပ်လိုက်သည့် ချေးငွေများကို တောင်သူတစ်ဦးချင်းလက်ဝယ်သို့ မှန်မှန်ကန်ကန်ရောက်ရှိအောင် ထုတ်ပေးစေလိုပြီး ထုတ်ချေးမှု မှန်ကန်ရေးသည် အရေးကြီးကာ တောင်သူများအနေဖြင့် ချေးငွေများကို မိမိတို့လယ်ယာလုပ်ငန်း တွင် အကျိုးရှိစွာ အသုံးပြု၍ သီးနှံပေါ်ချိန် အပြည့်အဝ ပြန်လည်ပေးသွင်းကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကရင်ပြည်နယ် ဘဏ်ခွဲမန်နေဂျာက ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံခရိုင်အတွင်းရှိ ကျေးရွာအုပ်စုငါးအုပ်စု၊ တောင်သူ ၁၂၀၏ စိုက်ဧက ၇၃၁ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၉၆.၅၀ သိန်းကိုပေးအပ်ကာ တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ငွေကျပ်သိန်း ၁၁၀၀၀ ကို‌ ငွေကျပ် ၁၀၀ လျှင် တစ်နှစ် ငါးရာခိုင်နှုန်း အတိုးနှုန်းဖြင့် ထုတ်ချေးမည် ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ရယူကြသည့် တောင်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများက တောင်သူများသို့ စနစ်တကျ ချေးငွေထုတ်ချေးပေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ မစတင်မီ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက သီးနှံအထွက်နှုန်းတိုးတက်ရေးနည်းပညာများ နှင့် ပတ်သက်၍လည်းကောင်း ၊ မြေယာဥပဒေနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောကြကြောင်းသိရသည်။