လယ်ဝေးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

2025-05-21

လယ်ဝေး မေ ၂၀ ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့က စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးပေးရာတွင် နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းမန်နေဂျာ ဒေါ်ယဉ်နွဲ့၊ လယ်ဝေးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ယမန်နေ့ တွင် လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာမှ တောင်သူ ၁၅၀၏ လယ်မြေဧက ၅၆၇ ဧက အတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ချေးငွေကျပ်သန်း ၈၅၀.၅၀ တို့ကို ထုတ်ချေးပေးသည်။ဆက်လက်၍ အချိန်စေ့ရောက်ပြီးသည့် ချေးငွေများ ကျေပွန်စွာ ပေးဆပ်ပြီး သည့် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးမည်ဖြစ်သည်။ ထို့နောက် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ များကို ကျေးရွာအုပ်စု ၇၂ အုပ်စုရှိ တောင်သူ ၁၀၆၄၀ သို့ ငွေကျပ်သန်း ၆၄၀၈၄.၅၀ ထုတ်ချေးမည် ဖြစ်ကြောင်း သိရသည်။