သထုံ၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

2025-05-20
သထုံ မေ ၁၉ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် စိုက်ပျိုး စရိတ်ချေးငွေကို ယနေ့နံနက်ပိုင်းက သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေး ပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။ ချေးငွေထုတ်ပေးရာတွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံ မန်နေဂျာ ဦးနေလင်းက ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများ ပြန်လည် ပေးသွင်းရမည့်ကာလနှင့် အပြေအကြေပြန်လည် ပေးဆပ်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုး စရိတ်ချေးငွေများကို အစောဆုံး အကြေပြန်လည် ပေးဆပ်ခဲ့သည့် ဓနုကတိုက်ကျေးရွာမှ တောင်သူ ၄၁ ဦးတို့၏ စိုက်ဧက ၃၆၆ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ် ၅၄၉၀၀၀၀၀ ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။ သထုံမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အပြေ အကြေပြန်လည်ပေးဆပ်ပြီးသည့် ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စုမှ တောင်သူ ၃၁၅၂ ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း ၂၈၆၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၄၂၉၀၀ ခန့်ကို မေ ၁၉ ရက်မှစတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန် လျာထားကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။