ခရမ်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

2025-05-20

ခရမ်း မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပသည်။ ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက ၂၀၂၅ မိုးရာသီ ချေးငွေမူဝါဒစည်းကမ်းချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ကရင်ကန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစန်းလွင်အား ၁၀ဧကအတွက် လည်းကောင်း၊ တိုင်းဒေသကြီးမန်နေဂျာက ကရင်ကန်ကျေးရွာ အုပ်စုရှိ တောင်သူဦးတင်ဝင်းအား ၉ဧက အတွက် လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲက တောင်သူဦးမြင့်ဦးအား ၈ဧက အတွက် လည်းကောင်း ၂၀၂၅ မိုးရာသီချေးငွေ များကို ပေးအပ်သည်။စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် အချိန်စေ့ကြွေးကျန် အကျေပေး ဆပ်ပြီးသော ကရင်ကန်ကျေးရွာအုပ်စုမှ တောင်သူ ၁၂၉ ဦးအား တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း ဖြင့် ဧက ၈၁၀ အတွက် ငွေကျပ် ၁၂၁၅ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။