သနပ်ခါးအကြောင်းတစ်စေ့တစ်စောင်း

ဆောင်းမှာနွေး၊ နွေမှာအေး ဆိုသည့် သနပ်ခါး၏ အာနိသင်ကြောင့် မြန်မာလူမျိုးများသည် မွေးကင်းစ အရွယ်ကစ၍ အသက်အရွယ်မရွေး သနပ်ခါးလိမ်းကြသည်။ မြန်မာနိုင်ငံတွင် မည်သည့်နေရာကို သွားသွား သနပ်ခါး လိမ်းကျံထားသော မျက်နှာများကို မြင်တွေ့နိုင်ခြင်းက သက်သေသာဓကပင် ဖြစ်ပေသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိန်းကျံအလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ သနပ်ခါးကို မခုံမင် မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင် ရှားပါးပါသည်။ ယခုခေတ်ပေါ် အနောက်တိုင်း အလှခြယ်ပစ္စည်း ကိရိယာများ အသုံးများ၍ ခေတ်စားနေစေကာမူ သနပ်ခါးနှင့် ကင်းနိုင်သူ မြန်မာအမျိုးသမီးတို့၏ အရေအတွက်မှာ အလွန့်အလွန် နည်းပါးလှပေသည်။ သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပြန့်သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများ အဆုံး သနပ်ခါးကို လက်မလွှတ်နိုင်ခဲ့ကြခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် သနပ်ခါးကို အမြဲတစေ လိမ်းကျံသဖြင့် အသားအရေ စိုပြေဝင်းဖန့်နေသောသူကို တွေ့လျှင် "သနပ်ခါးသားရသည်"ဟု ရှေးမြန်မာအမျိုးသမီးများ ဆိုလေ့ရှိကြပေသည်။ မြန်မာလူမျိုးများသည် သနပ်ခါးကို နှစ်သက်ခြင်းသည် အလှအပ လိမ်းကျံစရာ ပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဘက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ဖြစ်သည်။ ပူအိုက်စွတ်စို ရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်ပြီး အသားအရေကို ထိန်းသိမ်းနိုင်သည့် သနပ်ခါးကို မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြပေသည်။ မြန်မာ့ သနပ်ခါး သည်မြန်မာလူမျိုးတို့အတွက် နေ့စဉ်နှင့် တကွ အသုံးပြုကြလျက် ရှိသော လူ့အသုံးအဆောင် တစ်ရပ်ဖြစ်သည်။